ဗမာတွေက အရမ်းအလွယ်လိုက်တယ်။ တခါတခါပျင်းတယ်။ တခါခါ မပျင်းပဲနဲ့လည်း ကိုယ်ရှိတာလေးနဲ့ တင်းတိမ်ကြေနပ်နေတတ်တယ်။ ဒါကြောင့်လည်း ချစ်လို့တီးတဲ့ ချစ်တီးတွေ လက်ထက်မှာ ရှိတာလေးတွေ ပါကုန်ရော။ဥစ္စာဓန တင်မဟုတ်ပါဘူး မြန်မာအမျိုးသမီးငယ်တွေလည်း ပါသွားတာပဲ။ ဒါက သမိုင်းမှာ ငြင်းမရတဲ့အချက်။ ခဲတခါမှန်ဘူးတဲ့ ငှက်တကောင်လို မြန်မာတွေ သတိထားကြိုးစားခဲ့ကြပေမဲ့ မျိုးဆက်အလီလီ ခြားနေတဲ့ ဒီခောတ်ကြီးမှာ ဒီတချက်က မေ့နေလောက်ရောပေါ့။ မမေ့ရင်တောင် မသိတာလည်းဖြစ်ချင်ဖြစ်မှာ။ ဘာလို့ ဒါကိုပြန်ပြောနေတာလည်း မေးရင် ဒီကနေ့ အခြေအနေမှာ ဒီကိစ္စကို ပြန်တွေ့ရလို့ပဲ။ တွေ့တဲ့လူကတော့ ပြောမှာပဲ။ ပြောတိုင်းလည်း မယုံနဲ့ ။ ကိုယ်တိုင် အထူးသဖြင့် တိုးတက်ပါတယ်ဆိုတဲ့ ရန်ကုန်မှာ မင်းနေ နေတာဆိုရင် ကိုဂျက် ပြောတာတွေနဲ့ ချိန်ထိုးကြည့် ။ ပီးမှ အပိုပါဆိုရင် ကိုဂျက် အစိုးရိမ်လွန်တာလို့ တွေးပီး ခွင့်လွှတ်ပေးကြပေါ့။
အိမ်ပေါ်ကဆင်းပီး လမ်းပေါ် ခြေချမိတာနဲ့ ပထမဆုံး တွေ့ရတာက သူဖုန်းစား။ အသက်က ရှိမှ အလွန်ဆုံး လေး ၊ ငါး ၊ ခြောက်နှစ် ။ ခေါင်းပေါ်မှာ ဗန်းတဗန်းနဲ့ စပါးတွဲ တွေကအပြည့်။ အ၀တ်က ချေး အထပ်ထပ်။ ကောင်းလေးမှန်းမသိ၊ ကောင်မလေးမှန်းမသိရတဲ့ သနားစရာပုံစံအပြည့်။ မျက်နှာကလည်း ဖုန်းအလိမ်းလိမ်းနဲ့ နှာခေါင်းနဲ့ ပါးစပ်ကြားမှာလည်း နှပ်ချေးကြောင်းလေးကထင်းလို့။ စိတ်ထဲမှာတော့ ဪ ငယ်ငယ်ရွယ်ရွယ်နဲ့ ဘ၀ကို ရုန်းကန်နေရပါလားလို့သနားမိတယ်။ သနားလို့တောင်မဆုံးသေးဘူး အကိုကြီး ထမင်းဖိုးလေး။ တောင်းပီ။ ကိုယ်က သနားလို့ပေးလိုက်ရင် အလွယ်တောင်းလို့ရတာပဲဆိုတဲ့ စိတ်ဝင်ပြီး ဈေးမရောင်းမှာလည်းစိုးရသေးတယ်။ အဲကားမှတ်တိုင်လည်းရောက်ရော မိသားစုလိုက် လိုင်းကားတွေ ထိုင်ကန်တော့နေတာတွေ့ရသေးတယ်။ သူတို့ ကန်တော့တိုင်း လူတွေက ပိုက်ဆံတွေချချသွားတော့ ညနေပိုင်း သူတို့ ထမင်းဝိုင်းက အတော်ဆိုပြေတယ်ဆိုပဲ။ မီးပွိုင့်မှာ ကားရပ်ထားတော့လည်း ကလေးတွေဗျာ။ မြင်မကောင်းပါဘူး။ အများကြီးပဲ ကလေးတွေနည်းတာမဟုတ်ဘူး။ ကလေးက ကလေးပေါက်စတွေချီပီး ကားကြိုကားကြားထဲ လျှောက်သွားနေတာ အတော် အသည်း ယားစရာကောင်းတယ်ဗျာ။မတော်လို့တိုက်လိုက်ရင် အင်း……မတွေးရဲစရာပါပဲ။ သူတို့ကတောင်း ပြီးရင် အကွယ်တခုမှာ စောင့်နေတဲ့ သူတို့လူကြီးတွေဆီသွားပေး၊ အတော် တရားကျဖို့ကောင်းတယ်။ တခါတခါများ နိုင်ငံခြားသားကို တွေ့လို့ကတော့ သူတို့ အမဲပဲ၊ မပေးမချင်း မခွာတော့ဘူး။
အဲ ရပ်ကွက်ထဲက ကုလားလေးတွေကျတော့တမျိုးဗျာ။ သူတို့လည်း အသက်ကရှိမှ အလွန်ဆုံး ခြောက်နှစ်၊ခုနှစ်ပေါ့။ သူတို့ ပုခုံးပေါ်မှာ ၀န်နဲ့ အားမမျှတဲ့ ထန်းပိုးကြီးတွေ နဲ့ အိတ်ကြီးကြီးတွေ။ ပိုက်ဆံအိတ်လေးခါးကြားထိုးလို့ ဘာဝယ်တယ်၊ညာဝယ်တယ်နဲ့ ရွာရိုးကိုးပေါက် လျှောက်ပြီးလိုက်ဝယ်နေတယ်။ ဘုရင့်နောင်ဈေးထဲမှာလည်း ဒီလိုပဲ ကုလားပေါက်စလေးတွေ ။ မုန့်ဖိုးရလောက်ရုံ တွေ့ရာအလုပ်တွေလုပ်နေလိုက်ကြတာ အတော်သနားဖို့ကောင်းတယ်။
နောက် လူကြီးတွေ ကိုယ်အင်္ဂါအပြည့်အစုံ ရှိရက်နဲ့ လိုက်တောင်းနေလိုက်ကြတာ ။ ကိုဂျက်မှာ ဦးလေးတယောက်ရှိတယ်။ သူက နည်းနည်း ကပ်စည်းနည်းတယ်။ တခါက သူ့ကို သန်သန်မာမာ လူတယောက်က တောင်းရော။ သိတဲ့အတိုင်း သူက ဟေ့ကောင် မင်းက သန်သန်မာမာနဲ့ အလုပ်မလုပ်ပဲ ဘာလို့တောင်းစားတာလည်း လို့မေးတော့ ခင်များက အလုပ်ပေးမှာလားတဲ့ ။ကောင်းရော။ တခါတခါ အိုကြီး အိုမ တွေ မီးပွိုင့်မှာလိုက်တောင်းနေကြတယ်၊ တချို့က ဆီဆိုင်တွေမှာ ဘယ်နေရာကြည့်ကြည့် သူတောင်းစားကြီးပဲ။
ကိုဂျက်အတွေ့အကြုံတခုပြောပြမယ်။ ဆီဆိုင်မှာ ဆီထည့်ဖို့စောင့်နေတုန်း မိသာစုတစု ကို လှမ်းတွေ့လိုက်ရတယ်။ ကိုဂျက်ကစပ်စုတတ်တော့ လိုက်ကြည့်နေမိတယ်။ ကိုဂျက်ကားရှည့်တည့်တည့်လာပြီး “ မိန်းမရေ ဘယ်လိုပြန်ရမလည်း” မျက်စိသူငယ် နားသူငယ်ပုံစံနဲ့ သရုပ်ဆောင်နေကြတယ်။ နောက်ပြီး ကိုဂျက်နားလာပြီး တညင်ကို ဘယ်လိုပြန်လည်း ဘာညာနဲ့ ကားခလာတောင်းတယ် ။ ကိုဂျက်လည်း ပေးလိုက်ပါတယ်။
နောက်တပတ်ကြာပြီးတော့ သူတို့ကို ဆီဆိုင်မှာပြန်တွေ့ရတယ်။ သူတို့ကတော့ ကိုဂျက်ကို မှတ်မိပုံမရဘူး ။ထုံးစံအတိုင်း ကားရှေ့လာပြီးတော့ သရုပ်ဆောင်ပြန်တယ်။ ပြီးတော့ ကိုဂျက်နားလာပြီး တညင်ဘယ်လိုပြန်လည်းမေးတယ်။ ကိုဂျက်လည်းပြောလိုက်တယ် ၊ မင်းတို့ ဇတ်ပြောင်းကတော့ ဆိုတော့ မိသားစုတစုလုံး ကြက်ပျောက်ငှက်ပျောက် ပျောက်သွားတယ်။
သူတို့ထက်ဆိုးတဲ့ သူတောင်းစားအကြီးစားရှိသေးတယ်။ ဒါးပြခေါ်မလား ၊ ဧဒါးပြပေါ့နော်။ သူတို့က အိမ်တိုင်ရာရောက် လိုက်တောင်းကြတယ်။ စေတနာရှိသလောက် အနည်းဆုံး ၅၀၀ ထည့်ဝင်ခိုင်းတတ်ကြတယ်။ဟိုကျောင်းတိုက် ဒီကျောင်းတိုက် ကို အကြောင်းပြပြီးတော့ကိုတောင်းတာ။
ဒါးပြဆိုလို့ ကိုဂျက် အဖွားတွေလက်ထက်က တကယ်အဖြစ်အပျက်တခုပြောပြမယ်။ရွာမှာက ညဆို မီးမရှိတော့ စောစောအိပ်ကြတယ်လေ။ တညမှာ အိမ်တအိမ်ကို လူတယောက်က ဒါးပြ၀င်တိုက်တယ်။ သူက ဒါးပြအစစ်မဟုတ်ပါဘူးတဲ့ ။ ငွေနည်းနည်းလိုလို့ လာတောင်းတာပါတဲ့။ ဂတ်တော့မတိုင်ပါနဲ့ တဲ့ ၊ ဒီနေ့ကစလို့ ၁လပြည့်တဲ့နေ့မှာ ငွေပြန်လာစပ်ပါမယ်ဆိုပြီး ငွေတောင်းသွားတယ်။ တကယ်ပဲ ၁လ ပြည့်တဲ့ ညမှာ ပိုက်ဆန် ပြန်လာပေးသွားတယ်။
ဒီနေ့ခောတ်လည်းဒီလိုပဲ ကလေးတွေက လူကြီးတွေ သင်ပေးတဲ့အတိုင်းတောင်းစာ။ လူကြီးတွေကလည်းတောင်းစာ။ မိန်းကလေးတွေက ခန္ဓာကိုရောင်းစား။ အတော်လေးကို အခြေအနေဆိုးပါတယ်။ ကိုဂျက်ကို လူတယောက်ကပြောတယ်။ မင်းတို့လို တော်တဲ့ ကြိုးစားတဲ့ ကလေးတွေ ဒီနေ့ မြန်မာပြည်မှာမရှိသင့်ဘူးတဲ့။ တိုင်းပြည်တခုပြန်တည်ထောင်တယ်ဆိုတာမှာ ခုကတည်းကစပြီး ကလေးကစပြီး လူကြီးအထိ ပြုပြင်ပြောင်းလည်းထားရမယ်တဲ့။ ဒါမှ တိုင်းပြည်ပြောင်းလဲတဲ့အချိုန်မှာ အားလုံးအဆင်ပြေမှာတဲ့။ မဟုတ်ရင်တော့ အစိုးရပြောင်းလဲသွားရင်တောင် တိုင်းပြည်တိုးတက်ဖို့ဆိုတာ နောက် ၁၀ နှစ် ၁၅ လောက်ကြာတောင် တိုးတက်မှာ မဟုတ်ဘူးတဲ့။ ဟိုးတချိန်ကဖြစ်ပျက်တာတွေနဲ့ ဒီနေ့မှာဖြစ်နေတဲ့ အဖြစ်အပျက်တွေဟာ ကျောရိုးအတူတူမို့ သတိထားရတော့မယ် ။ နို့မဟုတ်ရင် ဒို့ ဗိုလ်ချုပ်ပြောတဲ့နိုင်ငံဖြစ်နေပါအုန်းမယ်ဗျာ။
အကျယ်ဖတ်ရန်...
ပြန်ချုံ့ရန်...
အင်တာနက်ထဲက ကိုယ့်အိမ်ကိုပြန်လာတော့ အတော်လေးပျင်းစရာကောင်းနေသည်။ ကိုယ်တိုင်တည် ဆောက်ထားတဲ့ အိမ်းလေးက ခနော်ခနဲ့ ပျင်းခြောက်ခြောက် ။ တပင်တိုင်နေသည်ဆိုတော့ ဧည့်သည်အလာနည်းသည် ။ ကိုယ်လည်း သွားမလည်အား၊ သူလည်းမလာအား ။ ဒီလိုနဲ့အိမ်းလေးက ဖုန်တွေနဲ့ ။ လမ်းမှားရောက်လာတဲ့ ရွှေဧည့်သည်တွေကိုတောင်အားနာသည်။ တိုက်စရာ ဘီယာမရှိ။ ကျွေးစရာ ကြက်ကင်မရှိ ။
လာလည်တဲ့သူတွေက ဇွဲကောင်းသည် ။ ရောက်လာတယ်ဆိုတဲ့ အကြောင်းကိုတော့ ဧည့်ခန်းထောင့်မှာရှိတဲ့ ဆီဗုံးထဲ ရေးသွားကြသည်။ နည်းနည်းလေးခံစားလိုက်ရသည်။ ရုတ်တရက် ပါးပြင်ပေါ်သို ရေလုံးလေးများ လိမ့်ဆင်းသွားသည် ။ ကိုဂျက်မျက်ရည်ကျသည်ဟုထင်လိုက်သည် ။ သို့သော် မဟုတ် ဘုရားပန်းအိုးအောက်မှာထိုင်နေတော့ ပန်းမှ ရေများကျလာခြင်းသာဖြစ်သည်။ ဘယ်က အော်လိုက်မှန်းမသိသော အိမ်မြှောင်က ကိုဂျက်ကို သနားလို့ ကျွတ်ကျွတ် တဲ့။
တရက် ။ အမကြီးမမီ က အော်လန်ကိုင်ပြီး ဆီးဗုံးမှာ အော်သွားသည်။ ဘလော်ဂါတွေ အလွတ်သဘော တွေ့ကြမည်တဲ့။ မန်းရွှေပြည်ကလည်း ဘလော်ဂါတွေ လာမည်ဆိုတော့ အတော်စိတ်ဝင်စားသွားသည်။ အချိန် ။ တရုတ်အချိန်မဟုတ် ။ အချိန်နာရီက တနင်္ဂနွေနေ့ နေ့လည် ၂ နာရီ။ ကိုယ်ကအဲ့ဒီအချိန်သင်တန်းထဲမှာ။ တော်သေးသည် ညနေ ၅ နာရီထိ ဆိုတော့ သင်တန်းပြီးတာနဲ့ service + ကိုပြေး။ ဟိုရောက်တော့ ၄နာရီကျော်။ ကားထိုးပြီး လမ်းလျှောက်လာတော့ ပတ်ဝန်းကျင်ကို နည်းနည်း မျက်စိကစားလိုက်သည်။ လူတစု ခုံပုလေးတွေမှာထိုင်ရင်း လေတွေထန်နေသည်။ သူတို့မျက်နှာတွေကတော့ မကြာခင် အောင်မြင်တော့မယ် စစ်သူကြီး တယောက်ရဲ့ အပြုံးရိပ်တွေကို တွေ့လိုက်ရသည်။ ဘာတွေကြံစည်ထားသည်တော့မသိ ။သေချာကြည့်တော့ သူတို့ကို သိသလိုရှိနေသည် ။ ရုတ်တရက် အလွန်ချိုသာသော အသံတသံကိုကြားလိုက်ရသည်။ မှတ်မိလိုက်သည် မမမီ အသံ ။ ဒီတခါ မမှတ်မိလို့မဖြစ် ။ ဘလော်ဂါဒေးမတိုင်ခင်တုန်းက service + မှာ မမမီနဲ့ ကိုဂျက် ၊ တယောက်နဲ့ တယောက် အရှေ့မှာထိုင်းရင်းမသိကြ။ နောက်တော့မှ မမမီ က ကိုဂျက်ကို ဖုန်းဆက်ခေါ်မှ မှတ်မိကြတော့သည်။ ဒီတခေါက်တော့ မှတ်မိနေသည်။ မမီက သူ့ဝတ္တရားမပျက် ဘလော်ဂါ အားလုံးနှင့်လိုက်မိတ်ဆက်ပေးသည်။ တချို့ကို သိသည်။ မန္တလေးကတော့မသိ။ ကိုဂျက်လည်း နီးရာ ခုံပုလေးပေါ်ထိုင်ချလိုက်သည်။ ဒီတော့မှ လ္ဘက်ရည်ဆိုင်မှန်းသိလိုက်ရသည်။ အားလုံး ကပျော်ရွှင်နေသည်။ အသံကြီးကြီးနဲ့ အားရအောင် စကားတွေပြောနေသော မိန်းကလေးကို သတိထားမိလိုက်သည်။ သူကငွေစရင်းမင်းကြီး ပင့်ဂိုးလ် ။ ကိုမျက်လုံးကို ချက်ခြင်မမှတ်မိ။ သူ့ဘေးက ကိုညီလင်းဆက်ကိုတော့ မင်းသားကြီးမို့မှတ်မိလိုက်သည်။ ၀ိုင်းထဲတွင် ရုပ်ချောချောလေးကောင်မလေးတယောက်ကိုလည်းသတိထားမိသည်။ သူကတော့ မြို့စားကြီးလက်မောင်းကို အားကိုးကြီစွားဖက်တွယ်ထားသည်။ သူချစ်သူမြို့စားကြီး မျက်လုံးထဲက စကားလုံးပေါင်းများစွာကို လိုက်ဖတ်နေသည်။ မြို့စားကြီး စိတ်ကတော့ တခါတခါ အဝေးကို ပြေးထွက်သလို ၊ တခုခုကို စဉ်းစားနေသလို။ ဝေခွဲမရအောင်ကို ဖြစ်နေသည်။ ကိုဂျက် ဒီဝိုင်းထဲသို့ အချိန်းကောင်းရောက်သွားသည်။ အသင်းမတည်ငွေအတွက် အားလုံးက ဆွေးနွေးနေကြသည်။ မန်းက ဘလော်ဂါတွေလည်း အတော်ပျော်နေကြသည်။ ခေါင်းထဲ အတွေးတခု မခေါ်ပဲနှင့် အပြေးဝင်လာသည် ။ လူ၅ ယောက်နှင့်အထက်ပို မစုရတဲ့။ အားလုံးပေါင်းရင် ၀ိုင်းထဲမှာ လူက ၁၀ ယောက်။ ဒီကြားထဲအမှတ်တရ ဓာတ်ပုံတွေ တဖျတ်ဖျတ် ရိုက်လိုက်သေးသည်။ နောက်တော့ ကို လည်း အလုပ်ရှိသေးသည်မို့ အားလုံးကို နှုတ်ဆက်ပြီး စောစောပြန်လာခဲ့သည်။ အားလုံးက ဒုတိယပိုင်းရှိသေးသည်ဆိုပေမဲ့ ကိုယ်နဲ့က မဖြစ်။
ကိုဂျက်အတွေးတွေ ဟိုရောက်ဒီရောက်ဖြစ်နေသည်။ ဖတ်နေတဲ့သူတွေကို အားနာလို့ အတွေးတွေကို ဒီမှာပဲရက်နားလိုက်သည်။
အကျယ်ဖတ်ရန်...
ပြန်ချုံ့ရန်...
သူများနိုင်ငံတွေမှာ စကောလားရှစ်တို့ ၊ ပညာသင်ထောက်ပံ့ကြေး တ၀က်တို့ ၊ ဘာတို့ ညာတို့ ကြားဖူးနေကြတဲ့သူတွေက ဪ ဒို့ မြန်မာနိုင်ငံမှာလည်းရှိရင် ကောင်းမှာပဲလို့ တွေးမိကြမှာပဲ။ တွေးမနေနဲ့ တကယ်ရှိခဲ့တယ်။ ဟုတ်တာမှ ဟုတ်ဟုတ် နဲ့တောင်နေသေး။ ဒါပေမဲ့ ဒီခောတ်တော့မဟုတ်ဘူး။ ဟိုးလွန်လေပီးသော အချိန်ကာလက။
မြန်မာနိုင်ငံက လွတ်လပ်ရေးရပီးတော့ နိုင်ငံရေး ၊ လူမှုရေး ၊ စီးပွားရေးတွေ အရမ်းထောင်တက်လာတာ အာရှမှ ခြင်္သေ့တကောင်လို မင်းမူခဲ့တာ ၊ ဗိုလ်နေ၀င်း အစိုးရမတက်ခင် အချိန်ထိလေ။ အုပ်ချုပ်မင်းလုပ်တဲ့ သူတွေကလည်း ပညာတတ် ဘိလပ်ပြန်၊ ဘုရားနဲ့တရားနဲ့နေတဲ့သူတွေဆိုတော့ တိုင်းသူပြည်သားတွေ ကောင်းရောင်းကောင်းဝယ်လုပ်မစားရင် ဆင်းရဲကြတယ်။ ပညာနဲ့ တိုင်းပြည်ကို အလုပ်အကျွေးပြုတဲ့သူတွေက ကောင်းစားကြတယ်။ တိုင်ပြည်တိုးတက်မဲ့ အပြုအမူတွေကို လွတ်လွတ်လပ်လပ် ရေးသားပြောဆို ၊ ငြင်းခုန်ကြတယ်။ ဒီတော့ အဲ့ဒီတိုင်းပြည်မှ မတိုးတက်ရင် ဘယ်တိုင်းပြည်က တိုးတက်မှာလည်း။ ကုမ္ပဏီတွေက တက္ကသိုလ်ကျောင်းတွေမှာ ဘယ်သူတွေတော်လည်းလိုက်ရှာ၊ အလုပ်ခန့်။ ပညာတော်ရက်နဲ့ တက္ကသိုလ်မတက်နိုင်တဲ့သူတွေကို ပညာသင်ထောက်ပံ့ကြေးရအောင် အမျိုးမျိုးကြံဆောင်။ ဟော အစိုးရကလည်း ပညာတော်တဲ့ကျောင်းသား ကျောင်းသူတွေကို နိုင်ငံအသီးသီးကို လွှတ်ပီးပညာသင်ခိုင်း၊ ပြည်တွင်းမှာရှိတဲ့ ကျောင်းသားတွေကိုလည်း အမျိုးမျိုး ချီးမြင့်မြှောက်စား ၊ နေရာပေးကြတယ်။ နောက်ပီး ကျောင်းသားတွေ ယာဉ်စီးခကလည်း အများပြည်သူတွေနဲ့ယှဉ်ရင် တ၀က်ပဲ။ မြန်မာတနိုင်ငံလုံး ဘယ်ကိုပဲ သွားသွား ပြည်သူတွေက တက္ကသိုလ်ကျောင်းသားဆိုတာနဲ့ နတ်ပြည်က နတ်သား နတ်သမီးတွေထက် ပိုစိတ်ဝင်စားကြတယ်၊ လေးစားတယ် ၊ အားကျ အတုယူကြတယ်။ ဟော တိုင်းပြည်တိုးတက်ရေးအတွက် တက္ကသိုလ်ကျောင်းသား၊ကျောင်းသူတွေ နယ်ကို ဆင်းပီး လုပ်အားပေးဆရာ၊ဆရာမလုပ်တော့လည်း လိုလေသေ့မရှိ။ လယ်ထဲဆင်းပီး ထွန်းရေးပြ ၊ ကောက်စိုက်တော့လည်း ဪ ကျောင်းသားတွေလည်း ဒီလို အပင်ပန်းဆင်းရဲခံနိုင်ပါလားဆို ပီး လေးစားကြ၊ကြည်ညိုကြတာပဲ။ ဒီကျောင်းသားတွေ တိုင်းပြည်ရဲ့ တဒေါင့်တနေရာက ပါဝင်နိုင်ရင် သူတို့ပြည်သူတွေဘ၀ အေးချမ်းပီ လို့တွေးကြတာပဲ။ ဒါက တိုင်းပြည်ကို မင်းကောင်းမင်းမြတ်တွေ အုပ်ချုပ်နေတုန်း ဘုရားတို့၊နတ်တို့ က စောင်မကြည့်ရှုနေတုန်း လူတော်၊လူကောင်း တိုင်းသိ၊ ပြည်သိ ပညာရှင်တွေ ပေါ်ထွန်းနေတဲ့ကာလ။ ရှင်းရှင်ပြောရင် မီးခဲပြာဖုံး ၊ ရွက်ပုံးသီး ပညာရှင် မရှိသေးတဲ့ အချိန်ပေါ့။ ဒါဆို တွေးမိလောက်ရောပေါ့။ ဟိုးတုန်းက ဒို့မြန်မားပြည် ဘယ်လောက် တိုးတက်တယ်ဆိုတာကိုလေ။ မယုံရင်တော့ ပုံပြင်တခုလိုပဲ။ အဲ့ဒီတုန်းကများ နိုင်ငံတကာမှာ မြန်မာပြည်သားတိုင်း ခေါင်းကော့ ရင်မော့ပီး သွားနိုင်ကြတယ်၊ ပြောချင်ဆိုချင်သူတွေများတယ်။
ဒီခောတ် ကို ပြန်ကြည့်တော့ ဟိုးတုန်းက မြန်မာပြည်တိုးတက်တာရဲ့ ပြောင်းပြန်တွေကိုပဲတွေ့ရတယ်။ ဒီ နည်းပညာခောတ်ကြီးမှာ မြန်မာပြည် ဘယ်လောက်တိုးတက်တယ်ပြောပြော ဒါက ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုပဲ။ ရုပ်ပိုင်ပဲပြောင်းလဲသွားတာ။ ၈၈ တုန်းက တက္ကသိုလ် ဘယ်လောက်ပဲရှိတယ် ၊ ခုဘယ်လောက်တိုးတက်လာပီ။ ဟိုးတုန်းက ဒါကြီးမရှိဘူး၊ အခုရှိပီ ။ ဒါကအလကား။ ကျောင်းတွေ တော့ပေါလာပါရဲ့ သင်တဲ့သူက တကယ်ရောတတ်ရဲ့လား၊ သူ့ရဲ့ပညာကို အားကိုးလေးစားလို့ရမလား။ သမားဂုဏ်ရောရှိရဲ့လား။ ဟုတ်ပီ သင်ပေးတဲ့သူ က အရမ်းတော်နေတတ်နေတယ်ထား၊ သူကရေအိုင်ထဲက ဖားသူငယ်ဆိုရင်အလကားပဲ။ တကယ်ပဲသူက သူ့ရဲ့ပညာမှာ တော်တယ်၊တတ်တယ်၊ လူအများလေးစားတယ် ထားအုန်း သူပညာရင်နို့ သောက်မဲ့ ကျောင်းသားတွေက အာဝါဒါးတွေ ဆိုရင် ၊ သင်သူလည်း စိတ်ပျက် ၊ အသင်ခံရတဲ့ သူတွေကလည်း ချီးပေါ၊သေးပေါ တက္ကသိုလ်ကျောင်းသားဖြစ်လာသူတွေဆိုရင် တော့ ဘာမှရသွားမှာမဟုတ်ဘူး။ ဒါကျက် ဒါဖြေ အသေမှတ်ပီးရင် အချိန်တန်တော့ ဘွဲ့ ရသွားမှပဲ။ သူတို့ကို ဘယ်သူမှလည်းလေးစားမှာမဟုတ်သလို ဘယ်ကုမ္ပဏီမှ လည်း စိတ်ချ လက်ချ တာဝန်မပေးရဲပါဘူး။ ဒီခောတ်တက္ကသိုလ်တက်တယ်ဆိုတာ အချိန်နဲ့ ငွေကိုရင်ပီး ဘွဲ့တခုဝယ်တာထက်မပိုဘူး။ နောက်ပီး ရထားတဲ့ဘွဲ့နဲ့လည်း သူ့ဘ၀ အာမခံချက်မပေးဘူး။ ဒီတော့ ကျောင်းပီးတာနဲ့ ဟို သင်တန်းတက် ဒီသင်တန်းတက် ။သင်တန်းတွေ ဘယ်လောက်တက်သလဲဆိုရင် ပညာသင်နှစ်က လူ့သက်တန်း လေးပုံ တပုံ လောက်ကို ရင်းလိုက်ရတယ်။ မိဘက အတော်အသင့်ရှိမှ ထားပေးနိုင်မှာ။ ဒါတောင် သကောင့်သား အချိန်တန်လို အိမ်ထောင်ပြုလိုက်ရင် မိဘတွေရဲ့ ရည်မှန်းချက်လည်းပျက်၊ ငွေကုန် ၊အချိန်ကုန်ပီး မိဘဆီက လက်ဖြန့်တောင်းရတဲ့ ဘ၀ကလည်းလွတ်မှာမဟုတ်ဘူး။ အမြင်ကျယ်တဲ့ ကျောင်းသားတွေလောက်ပဲ အချိန်ကို အကျိုးရှိရှိ သုံးနေကြတာ။ သူတို့ကို အာမခံချက်ပေးနိုင်တဲ့ ပညာတွေကို ဘယ်လိုရှာမယ်ဆိုတာ ကြံစည်ပီးသားပါ။ ကျောင်းသားလူငယ်တွေ အကြောင်းပြောရင်ကုန်မှမဟုတ်ဘူး။ နောက်ပီး ဒီခောတ် ၊ မြန်မာနိုင်ငံ အခြေ အနေအရ မင်း ကောင်းရောင်းကောင်းဝယ်လုပ်စား၊သမာသမတ် နဲ့ ဥပဒေလေးစားလိုက်နာ နေရင် သေချာတာက ၊ မင်းဟာ လူဆိုး ၊သူခိုးပဲ။ အေး သူများကို ရုတ်မာမယ်၊ ပက်စက်မယ်၊ ရမ်းကားမယ်ဆိုရင် မင်းက ချမ်းသာမယ်၊။ မဟုတ်တာ အကုန်လုပ်လေ ချမ်းသာလေပဲ။ နှာစေးပြမယ်၊ အအေးမိပြမယ်ဆိုရင် မင်းစားလို့ သောက်လို့ ရရုံလောက်ပဲ။ မဟုတ်တာတွေလာမပြောနဲ့ ကိုဂျက်ရေဆိုရင် ၊ ကိုယ်တွေ့ကိုပြောပြမယ်။ ကိုယ့် ကိုယ်ပိုင်အခန်းနဲ့ ကောင်းရောင်းကောင်းဝယ်လုပ်စားနေတယ်၊ လူသိရှင်ကြာလည်း ပညာနဲ့လုပ်စားနေတဲ့ သူတွေဆီမှာ မသူတော် ၊လူယုတ်မာတွေမရှိနိုင်ဘူး။ ဒါက ခေွးက အစသိတယ်။ မကောင်းတာလုပ်တဲ့သူတွေက ပေါ်တင်မနေဘူး ၊ခိုးချောင်ခိုးဝှက်နေတယ်။ အေး အဲ့ဒီလိုပုံးအောင်းနေတဲ့နေရာ ကို ဘယ်သူမှ ၀င်ပီး ဧည့်စရင်းမစစ်ဘူး။ သူတို့သေမှာကြောက်လို့၊ နောက်ပီး ပိုက်ပိုက်လည်းမရဘူး။ ကောင်းကောင်းနေတဲ့သူတွေဆို သူတို့ရဲ့အမဲပဲ ။အာဏာပြပြပီး နှိပ်စက်နေကြတယ်။ ပိုက်ပိုက်မပေးလို့က တော့ ကိုယ့်အိမ်မှာကိုယ်နေလည်း သူခိုး၊ဒါပြဆိုပီး ထောင်ထဲ ပို့မှာပဲ။ အဖေက နှိပ်စက်တော့ သူ့ကို နှစ်သိမ့်မဲ့ သူကို ကိုယ်က အားကိုးရမှာပဲ။ မဟုတ်ဘူးလား ။ အမေကျော်ပီး ဒွေးတော်လွမ်းတာမဟုတ်ဘူး။ အဖေတော်ရင် အဖေ့ကို အားကိုမယ်၊ သူ့ကိုမှီပီး ကိုယ့်ဘ၀ အာမခံချက်ရှာမယ်။ ကိုယ့်ကြောင့် သူ့ကို မျက်နှာပွင့်စေမယ်လေ။ အဖေတွေ ဘယ်လောက်ဆိုးဆိုး မင်းရဲံ့ ဘ၀အာမခံချက်ကိုရှာချင်ရင်တော့ အိမ်ပေါ်ကဆင်းသွားမှပဲရမယ်။ ဒါတောင် ဒီအတိုင်းဆင်းသွားလို့မရဘူး ၊ ပညာသင်လျော်ကြေးတော့ ကန်တော့ခဲ့ရအုန်မယ်။ ရှင်းရှင်းပြောရရင် ကိုယ်တိုင်ပညာတတ်ပီး ပညာရှိတဲ့ သူတွေရဲ့စကားကို လေးစားလိုက်နာတဲ့ ဘယ်အစိုးရပဲဖြစ်ဖြစ် သူတို့အုပ်ချုပ်တဲ့တိုင်းပြည်က နေတဆူလို ထွန်းလင်းနေမှာ အမှန်ပဲ။
အကျယ်ဖတ်ရန်...
ပြန်ချုံ့ရန်...
လွမ်းလိုက်တာ။ လွန်ခဲ့တဲ့ နှစ် ၂၀ တုန်းက နေခဲ့တဲ့ မလယ်ရွာ လေးကို လွမ်းလိုက်တာ။ ကလေးဘ၀တုန်းက သောင်းကျန်းခဲ့သလို၊ ကျောင်သားဘ၀မှာလည်း စာတွေလုပ်၊ပြီးတော့ လုပ်ငန်းခွင်ရောက်တော့လည်း အလုပ်တွေနဲ့။ ဘ၀အမောတွေပြေစေဖို့ ကလေးဘ၀ ကို ခဏလေးပြန်လိုချင်နေမိတယ်။ ဘယ်လိုမှ ပြန်မရနိုင်တော့တဲ့ ကလေးဘ၀ကို လက်တွေ့မှာ မရနိုင်တော့ပေမဲ့လည်း အတိတ်ကို လူတိုင်း ပြန်စဉ်းစားခွင့် လေးတော့ရှိတာပဲလေ။
ဒို့ရွာကလေးက ဧရာဝတီမြစ်အနောက်ဘက်ကမ်းဆိုတော့ မိုးတွင်း ရေကြီးတာ ဆန်းသလား နော်။ မဆန်းပါဘူး ။ ဒို့ရွာလေးက ရေကြီးရင် ရွာတခြမ်းပဲ မြှုပ်တာပါ။ မြစ်ကမ်းနဘေးကနေ ကိုက် ၄ ၊၅ ရာလောက်ထိ ရေတက်တယ်လေ။ ရေတက်ချိန်ဆို လူတိုင်းလန့်တတ်ကြတယ်။ စောစောစီး ရေမတက်ခင်ပြောင်းချင်ပြောင်း မပြောင်းရင် အိပ်နေရင်းနဲ့ ရေစိမ်ခံရမယ်ဆိုတာ သိနေကြတယ်လေ။ ရေတက်ပြီဆိုရင် ရေချိုးဆိပ်တွေလည်း ပြောင်းရတယ် ၊ လူတွေချိုးတဲ့ဆိပ်က မချိုးနိုင်တော့ ဘုန်းဘုန်းတွေချိုးတဲ့ဆိပ်ကို ပြောင်ချိုး။ ဟော ဘုန်းဘုန်းတွေက တကာမ တွေ ဘောစီးတာတွေ့မှာဆိုးလို့ အထက်ကိုတက်ချိုးနဲ့ ရေချိုးဆိပ်တွေလည်း ပြောင်းကုန်ပီ။ ဪ ဘောစီးတာ ကို ပြောရအုန်းမယ် ။ ဒို့ရွာမှာက ဘုန်းကြီးတွေချိုးတဲ့ရေချိုးဆိပ်ရယ် ယောက်ျားတွေချိုးတဲ့ဆိပ်ရယ်၊မိန်းမတွေချိုးတဲ့ဆိပ်ရယ်ဆိုပြီးရှိတယ်။ ယောက်ျားတွေက ရေချိုးရင် ရေငုပ်၊ပုဇွန်နှိုက် ၊မြစ်လယ်ထိကူးတတ်ကြတယ်။ မိန်းမတွေကတော့ ထမိန် ရင်ရှားနဲ့ ရေချိုးဆင်းတာများတယ်။ တချို့က ထမိန်တထည် ၊ အပြန်ရေသယ်ဖို့ ရေအိုးပါလာတတ်တယ်။ ရေလဲထမိန်တော့ပါဘူး။ သူတို့ကချိုးရင် ထမိန်ကို မပြီးရေထဲဆင်း ။ နောက် ထမိန်ကိုမလာလိုက်တာ ရင်ခေါင်းရောက်တော့ ထမိန်ကို ကမ်းပေါ်ပစ်တင်လိုက်တတ်ကြတယ်။ တချို့ကရေလဲ ထမိန်ပါတော့ ရေလယ်ခေါင်လောက်မှာ ထမိန်အောက်ကနေ လေတွေသွင်းပီး ဘောစီးကြတယ်။ ကမ်းပေါ်ကကြည့်ရင်တော့ ဘောစီးတာ အတော်လှတယ်။ ရေအောက်ကနေကြည့်ရင်တော့ အင်းးးးးး။ ဒါကြောင့် ရေချိုးဆိပ်ကို ၃ ပိုင်းထားတာ။ ဘုန်းဘုန်းတွေက မြစ်အပေါ်၊ ယောက်ျားတွေက မြစ်လယ်၊ မိန်းမတွေကတော့ မြစ်အောက်ပိုင်းပေါ့။ ဒို့ရွာက မြစ်နားမှာဆိုတော့ ပုဇွန်တွေ၊ ငါးတွေ ပေါမှပေါပဲ။ပှုဇွန်တွေဆို မီးဖိုထဲပစ်ထည့်ပီး ကင်စားတယ်။ မြစ်ထဲမှာ တခါတလေ လင်းပိုင်တွေလည်းတွေ့ရတယ်။ နောက်ပြီးရေကြီးတဲ့ အချိန်ဆို လောင်းလှေစီးရတာ အရမ်းပျော်ဖို့ကောင်းတယ်။ သမ္ဗန်တို့.၊ ငှက်တို့မစီးရဘူး။လောင်းလှေက သစ်ပင်စည်တခုလုံးကို ထွင်းထားတော့ သေးတယ်၊ ခရီးအရောက်မြန်တယ်လေ။ လောင်းလှေစီးရင်း ရေထဲကို လက်ချပြီးဆော့ရတာ အရမ်းပျော်ဖို့ ကောင်းတယ်။ တခါတလေ ဗေဒါတို့ ၊ဒိုက်တို့ နဲ့တိုးရင် ဗေဒါပန်းလည်းခူးလို့ရသေးတယ်။တခါတလေတော့လည်း ခုတလော တီဗီထဲက မြစ်ထဲ အိမ်သာမဆောက်ရ ပညာပေး ဇတ်လမ်းလို အတုံးလိုက်မျောပါ လာတတ်သေးတယ်။ တခါတလေတော့လည်း လူသေကောင်တွေပေါ့။ ခုလိုဆောင်းတွင်းရောက်လာရင်တော့ မြစ်ရေတွေကျပြီး ရေလယ်ခေါင်မှာ သောင်ထွန်းတတ်တယ်။ သဘောင်္တွေလည်းသောင်တင်တတ်တယ်လေ။ ဒီလိုသောင်ထွန်းရင် ရွာကလူတွေ သောင်ပြင်မှာ စိုက်ပျိုးရေးလုပ်ဖို့ နေရာလုကြပြီ။သောင်တွေ ဘယ်လောက်ကျယ်လည်းဆိုရင် မျက်စိတဆုံးပဲ၊အကျယ်ကြီး။ ဦးရာလူ စိုက်ကြတာ။ ဒီလိုသောင်ထွန်းရင် ကိုဂျက်တို့ အဲ့ဒီပေါ်ကို ပျော်ပွဲစားမျိုးသွားကြတာ။ စားစာရာ ထမင်း၊ဟင်းတွေကို ချိုင့်တွေနဲ့ထည့် မော်တော် စီးပြီးသွား၊ သောင်ပေါ်မှာ ဆော့။ တချို့က ဖရဲသီးစိုက်တော့ ခူးပြီး စားလို့ရတယ်။ ဖရဲသီးတွေဆို သေးသေးလေးကနေ အကြီးကြီးတွေထိ ချိုတယ်။ ဖရဲသီးရာသီဆိုရင်လေ အိမ်က မီးဖိုဆောင်မှာ ခြေချစရာ နေရာမရှိအောင် တရွာလုံးက ဖရဲသီးတွေ လက်ဆောင်လာပေးတတ်ကြတယ်။ မနက်တစ်လုံး ညတစ်လုံး ကုန်အောင်စားရတာ။ တလုံးလျော့မယ်မကြံနဲ့ နောက် ၄၊၅ လုံးရောက်လာပြီ။ ပေးလို့လည်းမကုန် စားလို့လည်းမကုန်အောင်နိုင်ပါပဲ။ လွန်ခဲ့တဲ့ နှစ် ၂၀ ကဆိုတော့ ကလေးပေါ့၊ကလေးဘ၀ ကသောင်းကျန်းခဲ့တာလေးတွေ ပြန်တွေးမိရင် ကိုယ်ဘာသာပြုံးနေမိတတ်တယ်။ သူငယ်ချင်းတွေကပြောတယ် မင်းဒီလိုသာပြုံးနေရင် လက်မှတ် (တံတားလေးလက်မှတ်) ရတော့မှာပဲတဲ့။
အကျယ်ဖတ်ရန်...
ပြန်ချုံ့ရန်...
ဒီနေ့ ၆.၁၁.၂၀၀၇ မှာ ဖြစ်ချင်နေတဲ့ ဆန္ဒတခုကို အကောင်အထည်ဖော်ခဲ့တယ်။ လွန်ခဲ့တဲ့နှစ်ကတည်းက အမှတ်တရအဖြစ်လုပ်ချင်နေခဲ့တာ။ မအောင်မြင်လိုက်ဘူးလေ။
ဘာလို့လည်းဆိုတော့ လေးဖက်နာဆေးသောက်နေရတာကိုး။ ဒီနှစ်တော့ အောင်မြင်သွားပီ။မွေးရက် ၁၀ ရက်နေ့မတိုင်မီ အောင်အောင်မြင်မြင်သွေးလှူလိုက်နိုင်ပါပြီ။ မနှစ်ကတည်းကလှူချင်နေတဲ့သွေး ခှုမှပဲ လှူနိုင်တော့တယ်။ ဒီနှစ်ထဲမှာ မရ ၊ ရအောင်သွေးလှူမယ်ဆိုပြီး အနေအထိုင် အစားအသောက်ကို ပိုဂရုစိုက်တယ်။ လှူမဲ့နေ့မတိုင်မီ ၁ လလောက်ကတည်းက ဆေးကို ကြိုဖြတ်ထားလိုက်တယ်။ ၅ ရက်နေ့ မှာတော့ အိပ်ရေးဝအောင်အိပ်၊ ၆ ရက်နေ့မှာတော့ ရေများများသောက်ဖြစ်တယ်။ နေ့လည်ထမင်းစားပြီးတော့ ရန်ကုန်ဆေးရုံကြီးကို သွားတယ်။ အမျိုးသားသွေးလှူဘဏ်ရောက်တော့ လှူလို့ရမရ စစ်တယ်။ သွေးဖြူဥ ၊ သွေးနီဥတွေစစ်၊ပီးတော့ မေးခွန်းတွေ တသီကြီးဖြေ။ အလှူခံရှိလို့လာလှူတာလားလို့လည်း သူတို့က မေးသေးတယ်။ စေတနာ အလျှောက် လှူတာပါဆိုတော့ ပြုံးနေကြပါတယ်။ မေးခွန်းတွေဖြေပြီးတော့ အခန်းနံပ္ပါတ် ၂ မှာ သွေးပေါင်ချိန်ရတယ်။ နောက် ကိုဂျက်က B သွေးဆိုတော့ ဆရာဝန်မလေးပျော်သွားတယ်။ B သွေးအများကြီးလိုတယ်လို့လည်းပြောပြတယ်။ B သွေးလိုနေတဲ့ လူရဲ့ စာရွက်ကို ကိုဂျက်ကိုပေးပြီး အခန်းနံပ္ပါတ် ၃ မှာ သွေးလှူရှင်မှတ်ပုံတင်ရတယ်။အဲံဒီကမှ သွေးလှူဖို့လိုအပ်တဲ့ ပစ္စည်းလေးတွေ ထည့်ထားတဲ့ခြင်းးလေးကို ပေးပြီး သွေးလှူခန်းမှာ သွားလှူရတယ်။ ကိုဂျက်လှူပေးရတဲ့လူက ကိုဂျက်ထက် ၄ နှစ်ငယ်တယ်။ ၂၂နှစ်ပဲရှိသေးတယ်။ ဘာရောဂါလည်းတော့ သေချာမသိလိုက်ပါဘူး။ သူနာပြုဆရာဝန်မကြီးက ကိုဂျက်ညာလက်မောင်းကို အရက်ပြန်၊သင်နာတွေနဲ့သေချာဆေး၊ပီးတော့ အပ်ကြီးကြီးကို အကြော ထဲထိုးထဲ့လိုက်တယ်။ ကိုဂျက်တို့က ဒါမျိုးနပ်ပြီးသား။ ကိုယ့်သွေးကို ကိုယ်ပြန်မကြည့်ဘူး။ အခန့်မသင့်ရင် မူးတတ်လို့။ သတ္တိရှိတာ မရှိတာနဲ့မဆိုင်ဘူး၊ လူတိုင်း သွေးမြင်ရင် အနည်းနဲ့ အများတော့ မူးတတ်တယ်လေ။ သွေးအထွက်ကောင်းအောင်လို့ လက်ကို ဖြန့်လိုက်ဆုပ်လိုက်နဲ့ နေ နေလိုက်တာ သိပ်မကြာပါဘူး သူတို့လိုအပ်တဲ့ သွေးကိုရတော့ အပ်ကို ဖြုတ်လိုက်တယ်။ ခုတင်ပေါ်မှာခဏလှည်းနေပြီးတော့ မုန့်စားဖို့ထွက်လာတယ်။ ကြက်ဥပြုတ်ရယ်၊ ကော်ဖီရယ်၊မုန့်တခုရယ်ကျွေးတယ်။ ကိုဂျက် သွေးလှူတယ် သာပြောတယ် မူးတာ၊နာတာ၊အားမရှိတာ လုံးဝမဖြစ်လိုက်ဘူး။ သွေးတောင် ထုတ်ရဲ့လားလို့ ထင်မိသေးတယ်။ ပျော်တယ်။ ဖြစ်ချင်နေတဲ့ အိမ်မက်တခုကို အကောင်အထည်ဖော်ခွင့်ရလို့လေ။ နောက်တခါလည်း လှူအုန်းမယ် သူတို့သတ်မှတ်ပေးတဲ့ရက်က နောက်လေးလကြာရင်လှူလို့ရတယ်တဲ့။ တကယ်လို့ ဒီကြားထဲ blogger မောင်နှမတွေ စုပြီးသွေးလှူဖြစ်ကြမယ်ဆိုရင်တော့ အတိုင်းမရှိ ပျော်ရွှင်ရလိမ့်မယ်လို့လည်းထင်ပါတယ်ဗျား။
အကျယ်ဖတ်ရန်...
ပြန်ချုံ့ရန်...
နိုဝင်ဘာ ၂ ရက်နေ့က ခရစ်ယာန်ဘာသာဝင်တွေရဲ့ သင်္ချိုင်း ၀တ်ပြုဆုတောင်းပွဲလေ၊သေလွန် ပြီး ငရဲငယ်မှာ ကျခံနေရတဲ့ ၀ိညာဉ်တွေကို ဆုတောင်းပေးကြတာပါ။ ဒီနှစ်လည်း ကိုဂျက် တခေါက်ရောက်ခဲ့ပြန်ပီ။
ထာဝရဘုရားသခင်ဆီမှာ အိပ်ပျော်သွားကြတဲ့ အဘိုးတွေ ၊ အဘွားတွေ ၊ အကိုတွေ အတွက်ရယ် နောက်ပီး တခြားဝိညာဉ်တွေ အတွက်လည်း အထူးဆုတောင်းပေးခဲ့ပါတယ်။ ခါတိုင်းနှစ်တွေလိုပဲ ကိုဂျက်တို့ အမျိုး တွေစုပြီး မနက်အစောကြီးထပြီးသွားကြတယ်။ သင်္ချိုင်းရောက်တော့ တခါးကို ပိတ်ထားလို့ ကားကိုအပြင်မှာရပ်၊ ကားထဲက နှင်းဆီ၊စပယ်၊ဖယောင်းတိုင် ထုပ်တွေကို သယ်ပြီး အဘွားအုတ်ဂူကိုသွားကြတယ်။ သင်္ချိုင်း တံခါးပတ်ဝန်းကျင်မှာတော့ ပန်းရောင်းမယ့်သူတွေက ဈေးဆိုင်တွေပြင် ၊ သူတောင်းစားတချို့က တောင်းရမ်းဖို့ နေရာကောင်းတွေ ရွေးနေကြပါတယ်။ သူတို့ကိုကျော်ပြီးမှ သင်္ချိုင်းထဲရောက်တော့တယ်။ အထဲလည်း ရောက်ရော “ကိုယ်လည်း တနေ့ဒီနေရာရောက်မှာပါလား” ဆိုတဲ့ စိတ်ကလေးက မခေါ်ပဲနဲ့ အတင်း ၀င်လာတယ်။ အုတ်ဂူပေါင်းများစွာက မျက်စိတဆုံးပဲ ၊ အုတ်တံတိုင်းနဲ့ကတ်နေတဲ့ အုတ်ဂူလေးတွေကတော့ ရေနစ်နေလေရဲ့ ၊ ပြုပြင်ပေးမဲ့သူမရှိ ၊ ဂရုစိုက်မဲ့သူမရှိတဲ့ ဒီအုတ်ဂူုလေးတွေရဲ့ပိုင်ရှင် ၀ိညာဉ်တွေကတော့ ဘယ်လိုနေရှာမလည်းမသိ။ သင်္ချိုင်းလမ်းကြောင်းလေးအတိုင်းလျှောက်လာရင်း အဘွားဆုံးပြီး ၁ လအကြာ က အဖြစ်အပျက်လေးကို သတိရမိသေးတယ်။ ဒီတုန်းက အဘွားကို ကြံတော သင်္ချိုင်းမှာ သင်းဂျိုထားတာ၊ ကြံတောက အစိုးရသိမ်းတဲ့ထဲပါပြီး ရေဝေးကို ပို့ရတယ်။ ဒီတုန်းက ရေဝေးက စတည်ကာစဆိုတော့ ဘယ်စနစ်ကျမှာလည်း၊ ပိုင်ရှင်မဲ့အလောင်းတွေကိုကားနဲ့တင်လာပြီး ချစရာကျင်းမရှိသေးတော့ နေပူကျဲတဲ ကာထဲမှာ အလောင်းတွေထပ်ထားတော့ အပုတ်နံ့တွေ လှိုင်ထနေတာပဲ။ အဲ့နေ့ကဆို ကိုဂျက် ထမင်းစားလို့မရဘူး ၊လူသေကောင်က ထွက်လာတဲ့ အရိရွဲတွေ ၊ လောက်တွေနဲ့ အရိုးဖြူဖြူပေါ်နေတဲ့ အလောင်းတွေကို ခုထိ မျက်စိထဲက မထွက်ဘူး။ အဘွားအုတ်ဂုနားရောက်မှပဲ လွင့်ဝဲနေတဲ့စိတ်တွေ ရပ်နားသွားတော့တယ်။ အမေတို့က အုတ်ဂူဖြူဖြူလေးပေါ်မှာ ရောင်စုံပန်းပွင့်တွေကို ခင်းကျင်းနေတယ်။ နောက်အပေါ်ကနေ အဘွားကြိုက်တဲ့ စပယ်ပန်းလေးကို ဖြန့်ခင်းလိုက်တယ်၊နောက်ဆုံးတော့ အုတ်ဂူုပတ် ပတ်လည်ကို ဖယောင်းတိုင်း ၀တုတ်တုတ်လေးတွေကို လိုက်စိုက်ပြီး မီးထွန်းလိုက်တယ်။ ရုတ်တရက် လေအဝှေ့မှာ ပန်းရနံ့လေးတွေက လူကိုလန်းဆန်းသွားစေတယ်။ အားလုံးပြင်ဆင်ပြီးပီဆိုမှ ဦးလေးအငယ်ဆုံး ရောက်လာတယ်။ သူတို့လင်မယားနောက်မှာ မိန်းမကြီးတယောက်ပါလာတော့ သူတို့ အိမ်ဖော်လို့ထင်နေတာ။ နောက်တော့ ကိုဂျက်တို့နားထိလိုက်မလာပဲ အုတ်ဂူတခုပေါ်မှာ ထိုင်နေတော့မှပဲ သူတောင်းစားမှန်း သိလိုက်ရတယ်။ကိုဂျက်တို့လည်း ပုတီးစိတ်၊သေသူတွေရဲ့ ၀ိညာဉ်တွေကို ဆုတောင်းနဲ့ အတော်လေးကို ကြာသွားပါတယ်။ သင်္ချိုင်းစောင့်တွေက တချို့အုတ်ဂူတွေနားက မြက်တွေရှင်း ၊ ရေကျဲကျဲနဲ့ အရောင်ရောထားတဲ့အရည်တွေကို အုတ်ဂူမှာသုတ်ရင်း ကိုဂျက်တို့ကို ချောင်းချောင်းကြည့်နေတယ်။ သူတို့ကြည့်တာတော့ သိတယ်၊ ဒါပေမဲ့ အမှတ်တမဲ့ပေါ့။ ကိုဂျက်တို့ဆုတောင်းပွဲပြီးတော့ အဘွားကို ကန်တော့ ၊ မေတ္တာရေဖြန်းပြီး ပြန်ဖို့ပြင်ကြတယ်။ ဦးလေးအငယ်ဆံ)